International News

တရုတ်နိုင်ငံဈေးကွက် ပြန်လည်ဖွင့်လှစ်ပြီးနောက် ဗီယက်နမ်နိုင်ငံ၌ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် အမှာစာများ တိုးတက်လာ

Last Updated:

ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် အခြားလယ်ယာထွက်ကုန်သီးနှံများထက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အမှာစာများရရှိမှု ပိုမိုတိုးတက်လာကြောင်း၊ တရုတ်နိုင်ငံ၏ ဈေးကွက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဗီယက်နမ်မှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လုပ်ငန်းများသည် တရုတ်နိုင်ငံသို့တင်ပို့မှု ပိုမိုအားကောင်းလာခဲ့ကြောင်းသိရပါသည်။

ပြီးခဲ့သည့်နှစ်တွင် ဗီယက်နမ်နိုင်ငံမှ လတ်ဆတ်သစ်သီးဝလံအမျိုးအစားများစွာကို တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် တင်ပို့ခွင့်ရရှိခဲ့ပြီး၊ အခြားဈေးကွက်များသို့လည်း တင်ပို့ခွင့်ရရှိခဲ့ပါသည်။ ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှဝင်ငွေအနည်းဆုံး (၂၀) ရာခိုင်နှုန်း တိုးတက်မှုရရှိရန်နှင့် အမေရိကန်ဒေါ်လာ (၄) ဘီလျံ  ခန့်ရရှိရန် မျှော်မှန်းထားပါသည်။

ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံစိုက်ပျိုးမြေ (၁.၂၁) ဟက်တာသန်းရှိပြီး၊ တန်ချိန် (၁၈.၆၈) သန်းခန့်ထွက်ရှိကြောင်း သိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များသည် အရည်အသွေးမြင့်မားမှု၊ အစားအသောက်ဘေးကင်းလုံခြုံရေးစိတ်ချရမှုတို့နှင့်အတူ ကမ္ဘာ့ဈေးကွက်တွင် ဂုဏ်သတင်းကောင်းများရရှိထားပြီးဖြစ်ကြောင်း ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (VinaFruit) ၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားပါသည်။

လာမည့်ကာလများတွင် လယ်ယာထွက်ကုန်တင်ပို့မှု အားကောင်းလာစေရေး၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် အခြေအနေကောင်းများဖန်တီးပေးရေးနှင့် အထူးသဖြင့် တရုတ်နိုင်ငံဈေးကွက်အတွက်  သတင်းအချက်အလက်နည်းပညာများ အသုံးပြု၍ ဒီဂျစ်တယ်ပလက် ဖောင်းမှတစ်ဆင့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်သွားရန် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Nguyen Sinh Nhat Tan က ပြောကြားပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ဗီယက်နမ်-ရှန်ဟိုင်း (တရုတ်) ကုန်သွယ်မှုဖိုရမ်ကို ကျင်းပရန် စီစဉ်ထားကြောင်းလည်း ၎င်းကပြောကြားပါသည်။

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံလုပ်ငန်းများ၏ ထုတ်ကုန်များတန်ဖိုးမြင့်တက်လာစေရန်အတွက် ထုတ်လုပ်မှုနှင့် ပြုပြင်မှုပိုင်းတွင် နည်းပညာများကို တက်တက်ကြွကြွ အသုံးပြုသွားကြရန် အကြံပြုထားပါသည်။

ကမ္ဘာ့ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၉၂) ဘီလျံခန့်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်လုပ်ငန်းများအနေဖြင့် သယ်ယူပို့ဆောင်ရာတွင် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ရန် အတွက် ဆင့်တက်ပြုပြင်ထုတ်လုပ်သည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍကို ပိုမိုအာရုံစိုက် ဆောင်ရွက်သင့်ကြောင်း ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးထွက်ကုန် ပြုပြင်ထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးရေးဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ Le Thanh Hoa က ပြောကြားပါသည်။

 

 

 

 

 

ကျော်စိန်ဝင်း (STP)

ရင်းမြစ် -       https://www.freshplaza.com/

                   https://en.vietnamplus.vn/

Category: International News